ဘုရားသခင် ကျီစားသန်ခဲ့တယ်
ရည်းစားများတဲ့ ကောင်မလေးကိုယ်တိုင်က
သစ္စာတရားကို ဖွဲ့နွဲ့တယ်
ဘုရားသခင်က ကျီစားတယ်။
သန်းကြွယ်သူဌေးတွေကန်တဲ့ ကမ္ဘာ့ဘောလုံးပွဲကို
ဆင်းရဲသားတွေက လက်ဖက်ရည်ဆိုင်မှာ တိုးကြည့်ကြတယ်
ဘုရားသခင်က ကျီစားတယ်။
တနေ့လုပ်မှ တနေ့စား စားစရာမရှိတဲ့ မရှိသူတွေအတွက်
ငါးထောင်တန် ထုတ်တယ်
ဘုရားသခင်က ကျီစားတယ်။
ကိုယ့်ဖဲထုပ် ကိုယ်ချိုး ကိုယ်လူနဲ့ကိုယ် ရိုက်တဲ့ ဖဲဝိုင်းမှာ
အခြေခံဥပဒေကို ၁၄ နှစ်ကြာအောင် ဆွဲတယ်
ဘုရားသခင်က ကျီစားတယ်။
ပြည့်တံဆာခေါင်းတွေက ခပ်တည်တည်နဲ့
တည်းခိုခန်းကြီးတွေ ဖွင့်တယ်
ဘုရားသခင်က ကျီစားတယ်။
တိုင်းတပါးကျွန် မခံချင်လို့ တိုက်ယူခဲ့တဲ့ လွတ်လပ်ရေး
အောက်ဈေးနဲ့ရတဲ့ အလုပ်သမားအဖြစ် ဖန်ဆင်း
အိမ်နီးချင်းနိုင်ငံတွေမှာ အော်ရောင်းတယ်
ဘုရားသခင်က ကျီစားတယ်။
ဒီမိုကရေစီ ကိုမယုံကြည်သူတွေ ကိုယ်တိုင်က
ဒီမိုကရေစီတရားတွေ ပို့ချတယ်..
ဘုရားသခင်က ကျီစားတယ်။
စာသင်ကျောင်းလေးတွေရဲ့ ဈေးတန်းလေး
ဆရာတွေ ဆရာမတွေ ၀င်ရောင်းတယ်.
ဘုရားသခင်က ကျီစားတယ်။
ဗိုလ်ချူပ်တွေ ပေါပြီး
အကြွေရှားခြင်းနဲ့ ကောက်ညှင်းထုပ်သည်လေးကို
ဘုရားသခင်က ကျီစားတယ်။
ခုကဗျာကို ၇ ရက်အတွင်း ဘယ်သူမှ မပြပါနှင့်
၇ ရက် အတွင်း ဖြန့်ဝေခဲ့သော်
ကဗျာရေးသူကို
ဘုရားသခင်က ကျီစားမည်။
ဘုရားသခင်ကတော့
ဘုရားသခင်ကို ဘယ်တုန်းကမှ ပြန် မကျီစားခဲ့လို့
ဒီည …
ကျနော့်ကို ကျနော် ပြန် ကျီစားတယ်။ ။
မိုးစဲနေ
အောက်တိုဘာ ၅၊ ၂၀၀၉
Wednesday, October 7, 2009
Tuesday, July 7, 2009
သူများချချန်ထားခဲ့တဲ့ငါ့ဒဏ်ရာ
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့
အငြင်းဝါကျတစ်ချို့ကို
အလိုမတူစွာ ပေါင်းသင်းဆက်ဆံနေရသလိုမျိုး
ပင်ပန်းလှချည့်။
နောင်တတွေ စီးဝင်လာတိုင်း
အိပ်မက်ခေါင်းစဉ်တွေ ရိုက်ချိုးခံရတာကို
တူးဆွနာကျင်ခံစားမိ။
စိန်ခေါ်မှုတစ်ရပ်ရယ်
အနားသတ်လူမှုဆက်ဆံရေးရယ်
ကဗျာတစ်ပုဒ်ကိုခံစားပြီးချိန်မှာ
ရေသောက်မြစ်မပါတဲ့
သစ်တစ်ပင်ဖြစ်ကြောင်း
အတည်ပြုချက် ရောက်ရှိလာတယ်။
Monday, February 18, 2008
မိုသျှန်းရဲ့ ညီမလေးရဲ့ကစားကွက်
ညီမလေးရဲ့ကစားကွက်
ကျွန်တော့်ရဲ့ ဆင်ခြင်တုံတရားနဲ့
သူမရဲ့အစဉ်အလာကွယ်ဝှက်ခြင်းမှာ
နားလည်မှုပါးပါးကလေး ခြားနားနေတယ်။
ကျွန်တော်က အိပ်မက်တွေကိုစီးဝင်လာဖို့
ညရေးတွေပျိုးလိုက်တဲ့အခါ
သူမက ကျားကွက်တွေ ရွှေ့ရွှေ့သွားတယ်။
ကျွန်တော်က သူမအတွက်
ဖိနပ်တစ်ရံကို ကျင့်ကြံခဲ့ပါတယ်။
သူမက ဖိနပ်လှလှကလေးတွေကို အရံလဲစီးချင်သူပါ။
ပြတ်ခဲလှတဲ့
ကျွန်တော့်ရဲ့သံယောဇဉ်သည်းကြိုးလေးကိုလည်း
သူမက ငြူစူစောင်းမြောင်းတတ်ပါတယ်။
ကျွန်တော်ကလည်း
ချည့်နဲ့ခွေယိုင်စွန့်ပစ်ခံဘ၀က
ဖိနပ်အဟောင်းကလေးဖြစ်နေတာတောင်
သူမရဲ့ခြေသံတွေကို
ရင်ခုန်နေဆဲပါ။ ။
မိုသျှန်း
(လရောင်ဆာသောမြစ် ကဗျာစာအုပ်မှ....)

မိုသျှမ်းရဲ့ ပြောခွင့်မကြုံတဲ့စကားလုံးများ
ပြောခွင့်မကြုံတဲ့ စကားလုံးများ
ကန့်သတ်တားမြစ်ချက်ကိုမှ
ငါက ချိုးဖောက်ခဲ့သူ။
မီးတောက်နဲ့အိုအေစစ်က
ရင်ထဲမှာ တလှည့်စီဖြစ်နေတယ်။
ဘ၀မှာ
အမှားတစ်ခုကို မှားယွင်းစွာ ကျူးလွန်သူလို့
စွပ်စွဲပြီး
အမှန်တရားနဲ့ ကြတ်ခြေခတ်ကြပါ။
ငါတန်ဖိုးထားတဲ့အရာ
မြတ်နိုးစွာနဲ့ချစ်နေသမျှ
ဒုက္ခဆိုတာ တံတား
ငါ့နှလုံးသားက မင်းအတွက်ပါ ကလေးရယ်။
အသွားနှစ်ဖက်နဲ့ဓားကို
ယုံကြည်ချက်ဇတ်ပေါ်တင်
ငါ့ရဲ့ရှင်သန်ခြင်းဟာ
သေမိန့်ကျလာမယ့်စက္ကန့်လေးတွေကို
သက်ပြင်းတချချနဲ့ စောင့်နေရသလိုပါပဲ။
တစ်ချိန်ချိန်မှာ
ငါ့အပေါ်မှာ အပြစ်တွေအားလုံးပုံချပါစေ
ခံယူနေမယ်
ကလေးကို သိပ်ချစ်တယ်ဆိုတဲ့အကြောင်းအရာတွေမှာ
ကံကြမ္မာကို ယိုးမယ်မဖွဲ့ချင်ဘူး။ ။
မိုသျှန်း
(လရောင်ဆာသောမြစ် ကဗျာစာအုပ်မှ...)

မိုသျှန်းရဲ့ ဘာမှမလိုဘူး
မိုသျှန်းရဲ့
ဘာမှမလိုဘူး
အိမ်မက်နဲ့ညရေးက အစပ်အဟပ် မတည့်ဘူး
အလွမ်းက ခေါင်းထောင်လာတယ်။
ငါ့ကိုယ်ငါ
ထမင်းမေ့ဟင်းမေ့ မေ့နေသလို တစ်လျှောက်လုံး
မင်းဆီမှာရှိနေတဲ့ ငါ့အတွေးတွေ
တစ်ခေါက်တစ်ခါမှ ပြန်မလာဘူး။
နေ့ရောညပါ ဒီစိတ်နဲ့
မင်းကိုချစ်တဲ့အမှတ်တံဆိပ်မှာ
ကျန်တာ ဘာမှမလိုဘူး။
ကုန်ကုန်ပြောမယ်
ငါ့ကိုငါတောင်
မင်းရှိနေတာလောက် မလိုဘူး။ ။
(မိုသျှမ်းရဲ့ လရောင်ဆာသောမြစ် မှ)

Wednesday, January 23, 2008
ပြန်လာတဲ့အကြောင်း
ကဗျာတွေ စာတွေ ကူးရေးတတ်တာကလွဲပြီး ကျွန်တော်က အိုင်တီနဲ့ဝေးတယ်...။ အခု သူငယ်ချင်းတစ်ယောက် ကူညီမစလို့ စာပြန်ရေးဖို့ လမ်းစတော့ပေါ်ပြီ...။ စာကြိုးစားရေးတော့မယ်ဗျို့....
Friday, September 21, 2007
ကျွန်တော်တို့ရဲ့ သစ်တစ်ပင်အကြောင်း
စာမရေးဖြစ်တာ တော်တော်ကြာသွားပြီ။ ရေးချင်တာတွေကို စိတ်ရှိလက်ရှိရေးခွင့် မရခြင်းဟာ ဘယ်လောက်ထိဆိုးရွားသလဲဆိုတာ....။ ထားတော့.....
လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်တုန်းက ရင်ခုန်သံချင်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ဆီက လက်ဆောင်ရခဲ့တဲ့ စာအုပ်လေး သုံးအုပ်ထဲမှာပါတဲ့ ကဗျာတွေ၊ ဆောင်းပါးတွေကို အခု ဘလော့ဂ်ပေါ်မှာ ရှိနေစေချင်တာကြာပြီ..။
ကဗျာရှင် ဆောင်းပါးရှင်တွေကလည်း နားလည်ခွင့်လွတ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
သူငယ်ချင်းတို့ရေ ခွင့်ပြုပါ....။
ပထမဆုံးကတော့ သစ်တစ်ပင်အကြောင်း ပေါ့...။
သစ်တစ်ပင် အကြောင်း
အခက်အခဲ အမျိုးမျိုးကြားက အဲဒီသစ်ပင်ကို ကျွန်တော်တို့ ပြုစုပျိုးထောင်နေခဲ့တယ်...
အဲဒီမှာ ..... ငါတို့သစ်ပင် ရှိခဲ့ဖူးတယ်ဟေ့ ......
ကျွန်တော်တို့ လက်ညှိးညွှန်ရင်း ပြောပြတဲ့အခါ
သူတို့က အံ့အံ့သြသြ......
ခပ်လှမ်းလှမ်းက မြင်နေရတဲ့ မြက်ခင်းပြင်ထက်မှာ သစ်ပင်တစ်ပင် တကယ့်ကို ရှိခဲ့ဖူးတယ်။
အသက်တမျှတန်ဖိုးထားရတဲ့ ကျွန်တော်တို့ရဲ့ သစ်ပင်တစ်ပင်
လူတွေ နားမလည်နိုင်စွာ ကျွန်တော်တို့ကို ကြည့်ပြီး ဝေဖန်
ရှုတ်ချကြတယ်...။
မဖြစ်နိုင်တဲ့ သစ်တစ်ပင်ကို စိုက်ပျိုးကြသူတွေတဲ့
ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ လူမိုက်တွေတဲ့
ကျွန်တော်တို့ကတော့ ဘ၀တစ်သက်တာလုံး
ဘယ်အရာကိုမှ ဂရုမထားပဲ ဒီသစ်တစ်ပင်တည်းကိုပဲ
အရိပ်တကြည့်ကြည့် ပြန်ပြုစု ပျိုးထောင်နေဆဲ......
တယုတယ .......
ဒီသစ်ပင် ပြန်လည်ပေါက်ဖွားသင့်တာ ကြာပါပြီ
ဒါပေမယ့် စိုက်ပျိုးမယ့်သူမရှိခဲ့
ဘယ်သူက အရာရာကို စွန့်လွှတ်ပြီး
သူ့ကို စိုက်ပျိုးယုယနိုင်မှာလဲ.....
တန်ဖိုးကြီးမားတဲ့ သစ်တစ်ပင်
ပြီးတော့ ကျိန်စာမိနေတဲ့ သစ်တစ်ပင်
အဲဒီ သစ်တစ်ပင်ကို စိုက်ပျိုးသူဟာ
ဘေးဒုက္ခအန္တရာယ် ရန်စွယ်အသွယ်သွယ် ကြုံရမယ်လို့
ကျိန်စာခံထားရတဲ့ သစ်တစ်ပင်.....
စိုက်ပျိုးရဲခဲ့သူတွေလည်း ကျိန်စာသင့် ခံခဲ့ကြရပြီးပြီ
ဒါပေမယ့် ကျွန်တော်တို့ကတော့ အဲဒီသစ်တစ်ပင်ကို အသက်တမျှ ချစ်နေကြဆဲ.....
တစ်ချိန်က အဲဒီသစ်တစ်ပင်ရဲ့ အကိုင်းအခက်အောက်မှာ
ကျွန်တော်တို့တွေ တစ်စုတည်း.....ညီညွတ်ခဲ့ကြဖူးတယ်လေ.....
စုစည်း အားမွေးခဲ့ဖူးတယ်လေ.... အခုတော့......
ကျွန်တော်တို့ သစ်တစ်ပင်ကို ပြန်ပျိုးနေကြပါပြီလေ ..........။
(ယုန်ကလေး)

Subscribe to:
Posts (Atom)